written by Daw Saw Thein Dan
ရခိုင်လူမျိုးတို့သည် AD ၆ ရာစု ဝေသာလီခေတ်ကပင် စာအရေးအသားတတ်မြောက်ခဲ့ကြသည်။ ယင်းခေတ်ကပင် စာအရေးအသားတတ်မြောက်ခဲ့ကြသည်။ ယင်းခေတ်က ကျောင်းစာများကို ဗြဟ္မဟီပွါးအက္ခရာဖြင့် ရေးထိုးခဲ့ကြသည်။ ယင်းခေတ်က သက္ကဋ နှင့် သက္ကဋရော ပါဠိဘာသာစကားကို သုံးစွဲခဲ့သည်။ ဝေသာလီခေတ်သုံး အက္ခရာမှတဆင့် အဆင့်ဆင့်အရေးအသားပြောင်းလာကာ လေးမြို့ခေတ်တွင် လက်ရှိရခိုင်အက္ခရာမျိုးဖြစ်လာခဲ့ သည်။ လေးမြို့ခေတ် (၉၅၇-၁၄၃၀)တွင် သုံးစွဲသောဘာသာစကားမှာ ယနေ့ပြောဆိုသုံးစွဲသော ရခိုင်ဘာသာစကား ဖြစ်သည်။ ရခိုင်သမိုင်းတလျှောက် ကဗျာ၊ လင်္ကာ၊ စကားပြေအမျိုးမျိုးဖြင့် စာပေရေးသားခဲ့ကြသည်။
ရှေးခေတ် ရခိုင်ပြည်နယ်တွင် စာပေသင်ရာဌာနသည် ဘုန်းကြီးကျောင်းများဖြစ်ပါသည်။ ရခိုင်စာပေရေးဖွဲ့ နည်းအခြေခံဖြစ်သော သင်ပုန်းကြီး၊ အသတ်ငယ်၊ အသတ်ကြီးတို့ကို ရခိုင်ဆိုနည်းဆိုဟန်ဖြင့်သင်ပါသည်။ ယင်းတို့ကို တတ်ပြီးပါက ဆုံးမစာကိုသင်ပါသည်။ ထို့နောက် ဘုရားရှိခိုးအမျိုးမျိုး၊ ပရိတ်ကြီးအပါအဝင် ဗုဒ္ဓစာပေကိုသင်ပါသည်။ လောကသာရပျို့သည် ရခိုင်လူမျိုးအတွက် ဘဝနေနည်း Life Style လမ်းညွှန်ဖြစ်ပါသည်။ လောကနီတိဖြစ်ပါသည်။
ထို့ပြင် ဘုန်းတော်ကြီးကျောင်းများတွင် အတွက်အချက် ဂဏန်းသင်္ချာ၊ ဈေးတွက်၊ စပါးတွက်၊ ဝါးတွက်၊ သစ်တွက်၊ ရွှေတွက် စသည့်လုပ်ငန်းသုံးသင်္ချာများကိုလည်း လက်ဆင့်ကမ်းသင်ပေးပါသည်။ ကိုလိုနီခေတ်တွင် အင်္ဂလိပ်စာသင် ကျောင်းများရှိကြသော်လည်း ရခိုင်သားအများစုမှာ ဘုန်းတော်ကြီးကျောင်းများ၌ ရိုးရာအစဉ်အလာစာသင်နည်းဖြင့် စာသင်ခဲ့ကြသည်။ စာပေတတ်မြောက်ခဲ့ကြသည်။
လွတ်လပ်ရေးရပြီးနောက် နှစ် (၆၀)ကျော်တောက်လျှောက် ရခိုင်စာစစ်စစ် စာအံသံမကြားရတော့ပါ။ မြန်မာ စာသည် အခြေခံဥပဒေအရ ကျောင်းသုံး၊ ရုံးသုံးဖြစ်လာပါသည်။ မြန်မာစာကလွှဲ၍ တခြားတိုင်းရင်းသားစာ များကို ကျောင်းမှာ မသင်ရသဖြင့် ရခိုင်စာရေးစာဆိုသံများတိတ်ဆိတ်သွားပါသည်။
ယခုအခါ တိုင်းရင်းသားများ၏တောင်းဆိုချက်များကြောင်း “၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ” ၏ နိုင်ငံတော်အခြေခံမူများခေါင်းစဉ် အောက်ပုဒ်မ ၂၂(က)အရ နိုင်ငံတော်သည် –
(က) တိုင်းရင်းသားများ၏စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်သည်ဟုပါရှိသည့်အတိုင်း တိုင်းရင်းသားတို့၏စာကို ကျောင်းများတွင် သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း တို့၌ သင်ကြားခွင့်ရခဲ့ပါသည်။
ဤသို့သင်ကြားခွင့်ရတော့မည်ဟု ၂၀၁၃ နှစ်ဆန်းပိုင်းတွင်သိရှိလာခဲ့သဖြင့် ရခိုင်စာကိုသူငယ်တန်း၊ ပထမတန်းနှင့် ဒုတိယတန်းတို့တွင်သင်ကြားရန် အတန်းအလိုက် ရခိုင်စာပြဋ္ဌာန်းစာအုပ်များလိုအပ်ပါသည်။ ထို့ကြောင့် ထိုစဉ်က ဝန်ကြီးချုပ်ဦးလှမောင်တင်က ၂၀၁၃ ဖေဖော်ဝါရီ (၁၃)တွင် အစည်းအဝေးခေါ်ယူပြီး ရခိုင် ဖတ်စာ သူငယ်တန်း၊ ပထမတန်းနှင့် ဒုတိယတန်းစာအုပ်များပြုစုရေးအဖွဲ့ဖြစ်သော “ရခိုင်စာ သင်ရိုးညွှန်းတမ်း ပြုစုရေး ကော်မတီ” ကို ဖွဲ့စည်းပေးခဲ့ပါသည်။
ယင်းဖတ်စာအုပ်များကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင်သင်ကြားမည်ဖြစ်၍ စာအုပ်များရိုက်နှိပ်ရန် စာမူ ပြုစုပေးရပါမည်။ ဤသို့ စာအုပ်များပြုစုဖို့အတွက် အချိန်တစ်လသာပေးပါသည်။ တစ်လအတွင်း ယင်းပြဋ္ဌာန်းစာအုပ် များကို အချောသတ်ရေးပေးရန်မှာ တာဝန်ကြီးလှပါသည်။ မလွယ်ကူသောကိစ္စဖြစ်ပါသည်။ သို့သော် မြို့နယ်ပညာ ရေးမှူး(ငြိမ်း)ဆရာကြီး ဦးမောင်ဗဟိန်းနှင့်အဖွဲ့တို့မှာ လိုအပ်လျှင်ချက်ချင်းသင်နိုင်ရန် သူငယ်တန်းမှစတုတÄတန်း အထိ ရခိုင်ဖတ်စာအုပ်များအသင့်ပြုစုပြီးရှိပါသည်။ ယင်းအဖွဲ့မှပြုစုသော ရခိုင်သင်ပုန်းကြီးဖတ်စာကို “အမင့်ပျိုးခင်း” အခလွတ် ရခိုင်စာသင်ကျောင်းတွင် ကျွန်မကိုယ်တိုင်ကလေးများအားသင်ပြပေးလျက်ရှိပါသည်။ ထို့ကြောင့် ယင်း ဆရာကြီးတို့အဖွဲ့ပြုစုပြီးသော ရခိုင်ဖတ်စာအုပ်များကိုအခြေခံ၍ ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း(ဥက္ကဋ္ဌ)၊ ဦးဇော်ဝင်းနိုင် (အတွင်းရေးမှူး) နှင့် ကျွန်မ အပါအဝင် (၂၆)ဦးပါဝင်သော ရခိုင်စာသင်ရိုးညွှန်းတမ်းပြုစုရေးကော်မတီ တို့သည် ပြုပြင်မွမ်းမံရေးသားခဲ့ကြရာ ရခိုင်ပြည်ရှိကျောင်းများတွင် ယခုသင်နေသည့် ရခိုင်ဖတ်စာအုပ်များဖြစ်ပေါ် လာပါသည်။
ဤရခိုင်ဖတ်စာအုပ်များကို ၂၀၁၃-၂၀၁၄ စာသင်နှစ် စက်တင်ဘာတွင် ရခိုင်ပြည်နယ်ကျောင်းများ၌ စတင် သင်ကြားခဲ့ပါသည်။ ယင်းဖတ်စာအုပ်များကို အစိုးရက ကျောင်းသားများအား အခမဲ့ဖြန့်ဝေပေးခဲ့ပါသည်။ သို့သော် ယင်းစာအုပ်များမှာ ယခု ၂၀၁၄-၂၀၁၅ စာသင်နှစ်အတွက် နောက်ထပ်ရောက်မလာသေးပါ။ ထို့ကြောင့် ယခုနှစ်တွင် ကျောင်းသားများမှ ဖတ်စရာစာအုပ်များမရရှိကြသေးပါ။ ကျောင်းသားများအား စာအုပ်များ နှစ်စဉ်ပုံမှန်ဖြန့်ဝေဖို့ လိုအပ်ပါသည်။
ကလေးများသည် မူရင်းမိခင်ဘာသာစကား Mother Tongue ကို ပထမဆုံးသင်ယူသည်။ သူတို့နားလည် ပြီးသော ဘာသာစကားအပေါ်အခြေခံ၍သင်ပါက အယူအဆ၊ သဘောတရား၊ သတင်း အချက်အလက်များကို အလွယ်ကူဆုံးသင်ယူနိုင်ကြသည်။ မူလတန်းတွင် မိခင်ဘာသာစကားဖြင့် သင်ကြားရေးသည် UNESCO ၏ အခြေခံမူလည်းဖြစ်သည်။ ယခုကဲ့သို့ မူလတန်းအောက်ဆင့်တွင် ရခိုင်စာသင်ကြားခွင့်ရသဖြင့် နိုင်ငံတော်အား ကျေးဇူးတင်ရှိပါသည်။
လက်ရှိ ရခိုင်စာသင်ပြနေသော ဆရာ၊ ဆရာမများ၊ ဆရာကြီး၊ ဆရာမကြီးများနှင့် စစ်တွေမြို့နယ်ပညာရေးမှူး တို့အား တွေ့ဆုံမေးမြန်းချက်နှင့် ကျောင်းသားများအား ကိုယ်တိုင်သင်ပြနေသည့် ကျွန်မ၏ အတွေ့အကြုံ များအရ ဤရခိုင်ဖတ်စာအုပ်များအား ရခိုင်သူငယ်တို့သင်ကြားရသည်ကို အလွန်ပျော်ရွှင်ကြပါသည်။ မိမိတို့ ရခိုင်အသံထွက်ဖြင့်ဆိုရသောစာများကိုဖတ်၍ မဝကြပါ။ အရွေ့ကဗျာများကိုဖတ်ရသည်ကို အလွန်ပျော်ကြ ပါသည်။ ဝမ်းမြောက်အားတက်ကြပါသည်။
ရခိုင်စာသင်ရန်တာဝန်ပေးခြင်းခံရသော ဆရာ/ဆရာမများသည် ညည်းညူမှုမရှိကြပါ။ အမျိုးသားစိတ် အခြေခံ ဖြင့် ရခိုင်စာသင်ပြရသည်ကို အပိုတာဝန်ဟုမယူဆကြပါ။ ရခိုင်ဖတ်စာများကို လေးစားစွာ သင်ပြကြ ပါသည်။
ဆက်လက်လုပ်ဆောင်သင့်သည့်အချက်များ
(၁) ဆရာ/ဆရာမတို့သည် ရခိုင်စာသင်ရာ၌ သင်နည်းပုံစံတပြေးညီဖြစ်ဖို့လိုအပ်ပါသည်။ ရခိုင်အစဉ်အလာ ဆိုနည်း၊ ဖတ်နည်း၊ သင်နည်းများကို ဆရာ/ဆရာမတို့တတ်ကျွမ်းဖို့လိုသည်။ ယင်းကြောင့် ဆရာ/ဆရာမ များအား သင်တန်းပေးဖို့လိုပါသည်။
(၂) တိုင်းရင်းသားစာသင်ချိန်သည် ကျောင်းချိန်အတွင်းဖြစ်ဖို့လိုပါသည်။ ကျောင်းချိန်ပြင်ပတွင် သင်ရသည်မှာအခက်အခဲရှိသည်။ ကျောင်းသားများမှာ အချိန်ပိုမရှိကြပါ။
(၃) သင်ပြီး သင်ခန်းစာများကို ပြန်လည်ဖတ်ရှုလေ့လာရန် စာမေးပွဲစစ်ဖို့လိုသည်။ စာမေးပွဲမစစ်သဖြင့် အရေး မပါ၊ ပေါ့ဆစွာသင်ကြား၊ သင်ယူမှုဖြစ်စဉ်ရှိနေသည်။
(၄) မနှစ်က ရခိုင်စာသင်ဆရာ/ဆရာမများကို တစ်လလျှင် သုံးသောင်ကျပ်စီ သုံးလစာချီးမြှင့်သည်ဟုသိရသည်။ ဤကဲ့သို့ ဆက်လက်ချီးမြှင့်ပေးလျှင် ပို၍ကောင်းပါသည်။
(၅) မိခင်ဘာသာစကားသည် သင်ကြားရေးမဏ္ဍိုင်ဖြစ်သင့်ပါသည်။ သို့မှသာ သူတို့ နားလည်သောစကားဖြင့် ဘာသာရပ်အကြောင်းအရာကိုကောင်းစွာရှင်းပြနိုင်ပါသည်။
(၆) ရခိုင်သူငယ်များစိတ်ဝင်စားဖို့ အရွေ့ကဗျာပြိုင်ပွဲ၊ ဝေါဟာရစကားပြိုင်ပွဲ၊ ပန်းဝှက်ပြိုင်ပွဲများ ကျင်းပပေးသင့်ပါသည်။
(၇) ရခိုင်စာသင်ခြင်းနှင့်အတူ စာဖတ်ရှိန်ဖွံ့ဖြိုးရေးအတွက် ဖတ်စရာရုပ်ပြ၊ ကာတွန်း၊ ပုံပြင် စသည့် ကလေးဖတ် စာအုပ်များလိုပါသည်။ ဤသို့ ရခိုင်ကလေးသူငယ် ဖတ်စာစောင်များ ဖြစ်မြောက်ရေး ကို အားပေးသင့်ပါသည်။
(၈) နှစ်စဉ်နှစ်တိုင်း ရခိုင်ဖတ်စာအုပ်များကို နှစ်စကပင်အချိန်မီဖြန့်ဖြူးပေးသင့်ပါသည်။ ယခုနှစ်တွင် ယင်းဖတ် စာအုပ်မရသေးသဖြင့် ယခင်နှစ်ကျောင်းသားဟောင်းများမှ စာအုပ်ဟောင်းများကို ရသရွေ့ စုဆောင်းပြီး သင်နေရပါသည်။
(၉) တိုင်းရင်းစာသင်ခြင်းကို မူလတန်းအောက်ဆင့်နှင့်ရပ်တန့်မထားသင့်ပါ။ မူလတန်း အထက်ဆင့်၊ အလယ်တန်း၊ အထက်တန်းအထိ တဖြည်းဖြည်းတိုးမြှင့်သင်ကြားခွင့်ပေးသင့်ပါသည်။ သို့မှသာ ဒေသအလိုက် တိုင်းရင်းစာပေများဖွံ့ဖြိုးလာနိုင်မည်ဖြစ်ပါသည်။
ဒေါ်စောသိန်းတန်
အထက်တန်းကျောင်းအုပ်ဆရာမကြီး (ငြိမ်း)
၂၀၁၅-ခုနှစ် ဖေဖော်ဝါရီလထုတ် ရခိုင့်တန်ဆောင် မဂ္ဂဇင်း ၊ အမှတ် (၂၀)၊